Magic
လူမျိုးများ, မှော်ဆရာများ, နတ်များ, မှော်စာအုပ်များ, စုန်းများ,
May 06, 2021
March 04, 2021
နတ်ဝိဇ္ဇာအတတ်နှင့်နတ်ဝိဇ္ဇာ
နတ်ဝိဇ္ဇာအတတ်နှင့်နတ်ဝိဇ္ဇာ
မှော် သို့မဟုတ် နတ်ဝိဇ္ဇာအတတ်ဟူသည်မှာ အဘယ်အရာပါနည်း။ မှော် သို့မဟုတ် နတ်ဝိဇ္ဇာအတတ်ဟူသည်မှာ သဘာဝလွန်စွမ်းအားများကို မှော်ပညာဆိုင်ရာအားဖြင့် ထုံးထမ်းဓလေ့များ၊ သင်္ကေတများ၊ အခမ်းအနားများ၊ အပြုအမူများနှင့် ဘာသာစကားများကို အသုံးချကြခြင်းပင် ဖြစ်သည်။ အချို့သော သူများကမူ နတ်ဝိဇ္ဇာဟူသည်မှာ သာမန်လူသားတို့နှင့် အပူဇော်ခံတန်ခိုးရှင်တို့အကြား ဆက်သွယ်ပေးရသော ကြားခံလူတန်းစားတစ်မျိုးဟုလည်း ဆိုကြသည်။ ထိုလူတန်းစားထဲတွင် ယဇ်ပုရောဟိတ်များ၊ နတ်ဝင်သည်များ ၊ အကြားအမြင်ဆရာများ နှင့် လူတို့၏ အနာဂတ်ကိုနိမိတ်ဖက်သူများလည်း ပါဝင်ကြသည်။ နတ်ဝိဇ္ဇာတို့သည် နတ်ဝိဇ္ဇာအတတ်ပညာများနှင့်အတူ သူတို့ကိုယ်သူတို့ နတ်ဒေဝတာတို့၏အလိုကို သိရှိသူများအဖြစ် ခံယူထားကြသည်။ သူတို့၏ ပတ်ဝန်းကျင်မှ လူတို့သည်လည်း နတ်ဒေဝတာတို့မှ လူသားတို့ကို တခုခုပြောကြားလိုသောအခါ နတ်ဝိဇ္ဇာ များမှတဆင့် ဆက်သွယ်ပြောကြားကြသည်ဟု ယုံကြည်ကြသည်။ သို့သော် ဖော်ပြသော ဖြစ်ရပ်တိုင်းတွင်မူ နတ်ဝိဇ္ဇာအတတ်နှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင်ဆိုချက်များမှာ အားရကျေနပ်စရာမရှိသည်မှာ အမှန်ဖြစ်သည်။
ဗုဒ္ဓဘာသာကျမ်းများတွင်မူ ဝိဇ္ဇာဆိုသော စကားအားဖြင့်အဓိပ္ပါယ်ဖွင့်ဆိုချက်အများကြီး ရှိသည်ကိုတော့ တွေ့နိူင်ပါသည်။ အထူးသဖြင့် သုတ်သီလက္ခန်တွင် ဝိဇ္ဇာအတတ် ၁၂မျိုးရှိကြောင်း ပြဆိုထားသည်။
၁။ အင်္ဂဝိဇ္ဇာ ( လူတစ်ယောက်၏ ခြေချောင်း၊ လက်ချောင်းများကိုကြည့်၍ ဟောပြောရသောပညာ)
၂။ ဝထ္ထုဝိဇ္ဇာ ( လူတို့နေထိုင်ရာ အိမ်နှင့်ခြံဝန်းအတွင်းရှိ အကျိုးအပြစ်များကို ဟောပြောသောပညာ)
၃။ ခတ္တဝိဇ္ဇာ ( ဆင်၊ မြင်း၊ ကျွဲ၊ နွားတို့၏ င်္ကြန်အင်္ဂါ၊ ရာဇင်္ကြန်အင်္ဂါတို့ကို ကြည့်ရူဟောပြောရသော ပညာ)
၄။ သီဝဝိဇ္ဇာ ( သုဿန်၌ ဂါထာမန္တန်များ မန်းမှုတ်ပြီး လိုအပ်သောအရာများကို ယူဆောင်သောပညာ)
၅။ ဘူတဝိဇ္ဇာ ( မြေ၊ ဖုတ်၊ ဘီးလူးများကို ဂါထာမန္တရားများဖြင့် ခေါ်ယူနိူင်သော မန္တန်ပညာ)
၆။ ဘူရိဝိဇ္ဇာ ( မြေ၊ နေအိမ်တို့၌ အန္တရာယ်ကင်းအောင် မန်းမှုတ်ရသော အတတ်ပညာ)
၇။ အဟိဝိဇ္ဇာ (အဆိပ်ပြင်းသောမြွေများကို နိူင်နင်းသော အတတ်ပညာ)
၈။ ဝိယဝိဇ္ဇာ ( ၎င်းကမူ အဆိပ်ပြင်းသောမြွေများသာမက အခြားကင်း အပါအဝင် တိရိစ္ဆာန်များ၏ အဆိပ်ကိုပါ နိူင်နင်းသော အတတ်ပညာ)
၉။ ဝိစ္ဆိကဝိဇ္ဇာ ( အဆိပ်ပြင်းသောမြွေများ ကိုက်ခံရသည့်အခါ ကုသပေးနိူင်သောပညာ)
၁၀။ မူသိကဝိဇ္ဇာ ( ကြွက်ကဲ့သို့သော အကောင်များကိုက်ခဲသောအခါ ကုသပေးနိူင်သောပညာ)
၁၁။ သကုဏဝိဇ္ဇာ ( ဌက်သတ္တဝါများ၏ ညဏ်ကိုသိနိူင်သောပညာ)
၁၂။ ဝါသယဝိဇ္ဇာ (ဌက်တို့၏ အသံကိုသိသောပညာ)
ဤတွင် ဝိဇ္ဇာအတတ်ပညာကို လေ့လာသော် သတ္တဝါတို့၏ အပြုအမူ၊ အသံ၊ အဆိပ် စသည့်တို့၌ ကျွမ်းကျင်သော ပညာရပ်များက ပိုများသည်ကို တွေ့နိူင်ပါသည်။ သတ္တဝါတစ်ခုစီ၌ တန်ခိုးသတ္တိတစ်မျိုးစီ ထူးခြားစွာ ရှိတတ်ကြရာ ထူးခြားဆန်းကြယ်မူ ဟူသမျှ၌ အခြေခံသဘောတရားတိုင်းကို နားလည်သောပညာရှင်အား လောကီဝိဇ္ဇာပညာရှင်ဟု ဆိုထားသည်ကို တွေ့ရှိနိူင်ပါသည်။ ယင်းမှာ ဗုဒ္ဓဘာသာဆိုင်ရာဖြစ်၏။
အနောက်တိုင်းတွင်မူ နတ်ဝိဇ္ဇာပညာအပေါ် လူတို့ ယုံကြည်ကြသည့်အလျှောတ် နတ်ဝိဇ္ဇာဆရာတို့နူတ်မှ ထွက်သမျှသည် သမိုင်းဝင်အင်ပါယာကြီးများရှိ လူအဖွဲ့အစည်းများအတွင်း သြဇာကြီးမား၍ အောင်မြင်ခဲ့ကြသည်။ ထိုသြဇာနှင့်အတူ ၎င်းတို့သည် ယုံကြည်ကိုးကွယ်သူတို့အား လိုက်နာရမည့် အမိန့်အာဏာများ ဖြစ်ပေါ်လာစေခဲ့သည်။ ထိုအမိန့်အာဏာများသည် မှန်သည် မှားသည်မရှိဘဲ ဝေဖန်မိပါက တန်ခိုးရှင်နတ်များအပေါ် ဆန့်ကျင်သူအဖြစ် သတ်မှတ်၍ ပြစ်ဒဏ်များလည်း ပေးခဲ့ကြသည်။ သမ္မာကျမ်းစာတွင်မူ မှော်အတတ်နှင့်ပတ်သက်ဆက်နွယ်သော အရာမှန်သမျှ၌ ပါဝင်ပတ်သက်ခြင်းသည် နတ်ဝိဇ္ဇာအတတ်ကို လိုက်စားခြင်းဖြစ်သည်ဟု ဆိုထားသည်။ ၎င်းတို့သည် ဘုရားသခင်အား ပုန်ကန်ကြသည့် နတ်ဆိုးများနှင့် အဆက်အသွယ်ပြုလုပ်ခြင်းပင် ဖြစ်သည်။ နတ်ဆိုးများသည် လူတို့အား ၎င်းတို့၏ သြဇာကျရောက်လာစေရန် နတ်ဝိဇ္ဇာအတတ်ပညာကို ပုံစံအမျိုးမျိုးဖြင့် အသုံးချကြခြင်းပင်ဖြစ်သည်ဟုလည်း ဖော်ပြပါရှိ၏။ သို့သော် ဂရိနှင့်ရောမတို့၏ အစဉ်အလာတွင်မူ မှော်အတတ်ပညာကိုတတ်သော နတ်ဝိဇ္ဇာပညာရှင်များမှာ တိုင်းပြည်အုပ်ချုပ်သူကို နိူင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ အောင်မြင်အောင် လုပ်ဆောင်နိူင်ဖို့အတွက် ပံပိုးပေးကြသူများ ဖြစ်နေကြပြန်သည်။ သူတို့သည် နိူင်ငံရေးလုပ်ဆောင်ချက်များ အောင်မြင်ဖို့အတွက် တိရိစ္ဆာန်များကို နတ်တို့အတွက် ယဇ်ပူဇော်မူများလည်း ပြုလုပ်ကြ၏။
အာဖရိကတိုက်တွင်မူ ဂျူးဂျူးနတ်ဆရာတို့မှာက အလွန်နာမည်ကြီးသူများ ဖြစ်သည်။ သူတို့၏ နာမည်ကြီးကြီးမူကြောင့်ပင် ဂမ္ဘီရသုတေသီတို့က အာဖရိကတိုက်ကို ဂျူးဂျူးနတ်ဆရာများ၏နယ်မြေ(Ju. Ju Land)ဟု ခေါ်ဝေါ်ကြသည်။ ယောဟန် ၁၇:၃၌ ဖော်ပြထားမူတွင်က ဟွတီရီကိုနိူင်ငံမှ လွီသည် သူငယ်စဉ်ကတည်းက သူ့မိသားစုမှာ နတ်ဝိဇ္ဇာအတတ်ကို လိုက်စားခဲ့ကြောင်း ပြောပြထားသည်။ နတ်ဝိဇ္ဇာအတတ်သည် သူတို့မိသားစု၏ ဘဝတွင် ဘာသာရေးအစိတ်အပိုင်းတစ်ခုကဲ့သို့ အရေးပါခဲ့သည်။ အနာဂတ်ကို ကြိုမြင်ခြင်း၊ ဖဲဗေဒင်ဟောပြောနိူင်ခြင်းတို့ကို လွီစ်က သူ၏ မွေးရာပါအရည်အချင်းဟုသာ သတ်မှတ်ခဲ့သည်။ သူသည် မကြာခဏဆိုသလို အခြားလူများအား ထီပေါ်က်စေဖို့အတွက် ထီနံပါတ်များလည်း ရွေးပေးခဲ့သည်။ သို့သော် ထိုအရည်အချင်းများသည် ကျမ်းစာမှ အသိပညာများရရှိလာအောင်၊ ဘုရားသခင်နှင့် ရင်းနှီးလာအောင် မလုပ်ဆောင်ပေးနိူင်ကြောင်း ဝန်ခံထွက်ဆိုခဲ့၏။
ဗာဗီလုန်သမိုင်းတွင်မူ နတ်ဝိဇ္ဇာအတတ်ပညာအားဖြင့် ခွဲခြားထားမူများရှိသည်ကို တွေ့ရသည်။ ထိုအတတ်ကိုတတ်မြောက်သော ပညာရှင်တို့အတွက်ကမူ နတ်ဆိုးများ၊ သရဲများမှာ အသေးအဖွဲ့ကိစ္စမျှပင်ဖြစ်သည်။ ထိုအပြင် နတ်ဝိဇ္ဇာဆရာတို့သည် ရှေးဖြစ်ဟောခြင်းများ ၊ မှော်စက်ဝိုင်းရေးဆွဲခြင်းများ၊ နတ်ဆိုးနှင်ခြင်း(exorcism)များလည်း ပြုလုပ်ခဲ့ကြသည်။ အခြားနတ်ဝဇ္ဇာဆရာတစ်မျိုးကိုမူ ယဇ်ပုရောဟိတ်ဝိဇ္ဇာဟုခေါ်ပြီး Baruဟု လူသိများသည်။ သူတို့သည် တိရိစ္ဆာန်များကို ယဇ်ပူဇော်ပြီး အသွေးအသားကိုကြည့်၍ နိမိတ်ဖတ်ကြသည်။ ဌက်များ၏ ပျံသန်းပုံကိုကြည့်၍ ဗေဒင်တွက်ကြသည်။ ရရှိသည် ရလဒ်အပေါ်အခြေခံကာ ဗာဗီလုန်ဘုရင်များနှင့် ဆွေးနွေးတိုင်ပင်ကြသည်။ နောက်ထပ်နတ်ဝိဇ္ဇာဆရာမှာမူ Kassaptuဟုခေါ်သော စုန်းများဖြစ်ပြီး ၎င်းတို့သည်က နတ်ဝိဇ္ဇာအတတ်တွင် အလွန်ထူးချွန်ပြီး အန္တာရာယ်ရှိသူများဖြစ်သည်ဟု ပြဆိုထားသည်။ ထိုအတူ မာယာလူမျိုးများ၌လည်း ယဇ်ပုရောဟိတ်ဆရာများသည်က မည်သည့်နတ်ဘုရားသည် မည်သည့်ထုံးထမ်းနှင့်အညီ မှန်ကန်သောအခမ်အနားကို ကျင်းပသင့်ကြောင်း ၊ မည်သည့်အရာကို ယဇ်ပူဇော်သင့်ကြောင်း ကောင်းစွာခွဲခြားပြနိူင်သူများဖြစ်သည်။
ထိုနောက် ဥရောပအလယ်ခေတ်နှောင်းပိုင်း (1350AD-1450AD)နှင့် ခေတ်သစ်အစောပိုင်း(1450AD-1750AD)ရောက်ချိန်တွင်မူ နတ်ဝိဇ္ဇာအတတ်အား လူမူရေးဆိုင်ရာ၌ အန္တရာယ်များသည့် နတ်ဆိုးဂိုဏ်းဝင်ဟု စွပ်စွဲခဲ့ကြပြီး နှိတ်ကွပ်ခဲ့ကြသည်။ စွပ်စွဲခံရသူအများစုမှာ စုန်းမများဖြစ်ကြသည်။ ထိုသို့နှိတ်ကွပ်မူများသည် ယနေ့ခေတ်သစ်ရောက်ချိန်ထိ တွေ့မြင်နိူင်သေးသည်။ ၂၀၁၄၊ဒီဇင်ဘာတွင် Vanutu၊ ပါပူဝါနှင့် နယူးဂီနီတို့တွင် နတ်ဝိဇ္ဇာဆရာများကို ဖမ်းဆီးနှိတ်စက်မူများ ပြုလုပ်ခဲ့ကြသည်။ ဒေသခံ သတင်းဆရာ Tony Wilson၏ ဖော်ပြချက်အရဆိုလျှင် Vanutuမှ ကျေးရွာတရားရုံးသည် နတ်ဝိဇ္ဇာပညာရှင်များကို ကြိုးမိန့်ကျခံစေဖို့ ဆုံးဖြတ်ပေးခဲ့သည်ဟူ၏။ ထိုအမူသည် လူအများကို အံသြသင့်စေခဲ့သော ယနေ့ခေတ် နတ်ဝိဇ္ဇာအတတ်ပညာအား နှိတ်ကွပ်မူတစ်ခုဖြစ်ခဲ့သည်။
Ref::
/telegraph.co.uk
/jw.org
Wikipedia
Nov6.2020
Minsetwai
ရောက်လာပေးလို့ ကျွန်တော်မင်းဆက်ဝေက အရမ်းဝမ်းသာပါတယ်ခင်ဗျ။ နောက်လည်း ကျွန်တော်ဆိုဒ်လေးကို လာအားပေးပါဦးနော်။
January 02, 2021
မာယာ(Maya)
မာယာလူမျိုးများ(Maya)
ရောက်လာပေးလို့ ကျွန်တော်မင်းဆက်ဝေက အရမ်းဝမ်းသာပါတယ်ခင်ဗျ။ နောက်လည်း ကျွန်တော်ဆိုဒ်လေးကို လာအားပေးပါဦးနော်။
ဟေတီ(Haiti)
ဟေတီ(Haiti)
အာဖရိကရှိ ဟေတီဟုအမည်ရသော ကျွန်းစုတွင် ဗူးဒူး(voodoo)ဆိုသော အမည်နာမဖြင့် မှော်၊ကဝေ၊စုန်း၊ အထက်လမ်း၊အောက်လမ်း၊ပညာမျိုးစုံနှင့် ပညာရှင်မျိုးစုံ ထွန်းကားလျှက်ရှိသည်။ သို့သော်လည်း အမည်နာမအားဖြင့် voodooနှင့် စကားလုံးဆင်တူသော vodouဟုခေါ်သော စကားလုံးတစ်ခုလည်း ရှိပြန်ပြီး ထိုစကားလုံးနှစ်ခု၏ အဓိပ္ပါယ်ကမူ လွန်စွာမှ ကွဲပြားခြားနာသည်ဟု ဆိုသည်။ Vodouဟူသည်က နတ်ဘုရားများကို ကြည်ညိုလေးမြတ်ခြင်းအားဖြင့် အာရုံပြု ပူဇော်ကြသော ဘာသာရေးဓလေ့တစ်ခုအဖြစ် လူသိများလှသည်။ သို့ပါသော်လည်း Vodou၏ သမိုင်းတစ်လျှောတ်လုံးမှာ အတိုက်အခံနှင့် ဝေဖန်မူပေါ်င်းများစွာကို ကြုံတွေ့ခဲ့ရပြီး ကမ္ဘာပေါ်တွင် အယူအမှားဆုံးသော ဘာသာရေးထုံးထမ်းစဉ်လာတစ်ခုအဖြစ် အကြိမ်ကြိမ်ဖော်ပြခံခဲ့ရသည်။ ထို vodouဟူသော စကားလုံးသည် Ayizoဆိုသော စကားလုံးမှ ဆင်းသက်လာပြီး အဓိပ္ပါယ်မှာ ကမ္ဘာကြီးကို အုပ်ချုပ်သော လျိုဝှတ်ဆန်းကြယ်သည့် အင်အားစုများ (သို့မဟုတ်) အင်အားကြီးသူများဖြစ်သည် ဟူ၏။ Voodooဆိုသော စကားလုံးကမူ အပျက်သဘောဆောင်သော စကားလုံးဟု ဟေတီမှ ဘာသာရေးဆရာတို့က ယုံကြည်ထားကြသည်။ ထိုကြောင့် ယင်းတို့သည် ဘာသာတရားနှင့်ပတ်သက်၍ အည်နာမကို ညွှန်းဆိုပြကြသောအခါ voodooဆိုသောစကားလုံးကို မသုံးစွဲမိအောင် ဂရုစိုက်တတ်ကြသည်။ ထိုကြောင့် vodouဟူသည်မှာ အာဖရိကန်-ဟေတီ ဘာသာစ်ြပြီး ဟေတီနိူင်ငံအတွက်လည်း အမျိုးဘာသာတရားဟုဆိုသည်။ ထို vodouists တို့သည် Lwaဟု အမည်ရသော နတ်ဘုရားကို အထူးယုံကြည်သက်ဝင်ကြပြီး ထိုနတ်အတွက် သစ်သီးများ၊ အသွေးအသားများဖြင့် ယဇ်ပူဇော်ပသခြင်းများကို ပြုလုပ်ဆုတောင်းတတ်ကြသည်။
ဗူဒူး( Voodoo)ဟူသော စကားလုံးကမူ ယနေ့ လူသိများသော ဘာသာရေးဓလေ့နှင့်စိတ်ကူးယဉ်စာအုပ်များတွင်
ခေတ်သစ် အောက်လမ်းမှော်ပညာတစ်ခုအဖြစ် ဖော်ပြခံရသော ပညာတစ်မျိုးပင် ဖြစ်သည်။ ထိုပညာရပ်သည်
စုန်းတို့၏ပြုစားခြင်း သို့မဟုတ် ကျိန်စာတိုက်ခြင်းများဖြင့် လက်တွေ့အောက်လမ်းပညာကို လက်ခံကျင့်သုံးခြင်းများနှင့် သက်ဆိုင်သည်။ ထိုVoodooတွင်လည်း ကွဲပြားသော ကိုယ်ပိုင်သမိုင်းကြောင်းနှင့် ယဉ်ကျေးမူများရှိပြန်ပါသည်။ ယင်းတို့၏ ယဉ်ကျေးမူဓလေ့များသည် နောင်အခါ ခေတ်သစ်စုန်းများ၏ ယဉ်ကျေးမူများထဲသို့ပါ ပါဝင်ပတ်သတ်လာခဲ့သည်။ အထူးသဖြင့် ယင်းနှင့်အနည်းငယ် ဆက်စပ်ပြီး Gerald Gardner and Aleister Crowley တို့ကဲ့သို့ လက်တွေ့လိုက်ပြုလုပ်သော ပညာရှင်များ ပေါ်ပေါ်က်လာခဲ့သည်။ ထိုအတွက် အကျိုးသက်ရောက်မူမှာ ယင်းတို့သည် ကိုယ်ပိုင်အမြင်များဖြင့် အောက်လမ်းမှော်ပညာအကြားတွင် မှော်အတတ်နှင့်အတူ
ဗူးဒူးယဉ်ကျေးမူများကို ထည့်သွင်းပြုလုပ်လာကြခဲ့ခြင်း ဖြစ်သည်။ သူတို့သည် မှော်နှင့်နွယ်သော ကျိန်စာတိုက်ခြင်း၊ဖုတ်သွင်းခြင်း၊အဆိပ်ခတ်ခြင်းများကဲ့သို့ မျိုးစုံသော ဗူဒူးပညာများကို ခုံမင်နှစ်သက်ကြသည်။ ထိုအတတ်ပညာ အဓိကစတင်ရာ ဟေတီနိူင်ငံမှ
ဟေတီသားတို့ကမူ ရောဂါသင့်ဖျားနာခြင်းများသည် သာမန်ဖြစ်ပေါ်လာရခြင်းမဟုတ်ဘဲ မကောင်းမူတစ်ခုခုကြောင့် နတ်ဆိုးတို့၏ ဒဏ်ခတ်ခြင်း (သို့)တစ်ဦးဦးက လောကီပညာဖြင့် လုပ်ဆောင်နေခြင်း
ဖြစ်သည်ဟု ယုံကြည်ထားတတ်ကြသည်။
ထိုဟေတီသားတို့သည် လူတစ်ဦး
တစ်ယောက်ကို ပြုစားလိုလျှင် ဘာရွှန်ဆာမီဒီ(Baron Sarmedi)ဟူသော နတ်ကဝေသခင်နှင့်အပေးအယူပြုလုပ်
ရသည်။ ထိုကဝေရှင်က ပြုစားမည့်သူကို အမှတ်သညာ ပြုလုပ်ထားလိုက်သည့်ဆိုလျှင် မည်မျှစွမ်းသော ပညာရှင်ပဲဖြစ်ဖြစ် ထိုသူအားကာကွယ်တားစီးခြင်းမှ မတတ်နိူင်ကြချေ။ အထူးသဖြင့် ဟေတီရှိ ပြုစားခြင်းလုပ်ဆောင်ချက်များတွင် ပြုစားမည့်သူနှင့်
ပုံစံတူပြုလုပ်ထားသော အရုပ်ကလေးအား ထိခိုက်အောင်လုပ်ခြင်းဖြင့် အပြင်လောကတွင် ပြုစားခံထားရသူသည် အမှန်တကယ် နာကျင်စေသော ပြုစားခြင်းမျိုးကို အများဆုံးပြုလုပ်တတ်ကြသည်။ အခြားသော မှော်ဆရာကြီးတစ်ချို့ကမူ ပြုစားမည့်သူ၏ရုပ်ပုံကို ရေပုံးထဲရှိ ရေတွင် ပေါ်လာအောင် မန်းမှုတ်ပြီး ပေါ်လာသောရုပ်ပုံကို ဓားနှင့်ထိုးသည်။ ထိုနောက် လက်တွေ့ဘဝတွင် ပြုစားခံရသူမှာ အမှန်တကယ် ဓားထိုးခံရသကဲ့သို့ ဝေဒနာခံစားရပြီး သေဆုံးသွားရသည်။
ထိုသို့ သော် အတတ်ပညာတို့သည် ယနေ့ခေတ်သိပ္ပံအမြင်ဖြင့် ကြည့်သောအခါ ယုတ္တိကင်းမဲ့သည်ဟု ယူဆဖွယ်ရှိချေသည်။ ထိုအတူ အချို့ကလည်း ပဉ္စလတ်မှော်ပညာဟူသည် အတိတ်မှာ ကျန်ခဲ့ပြီဟု ထင်ထားကြသည်။ ထိုကြောင့် ယခုကာလအတွင်း မှော်အတတ်ပညာ
ရှင်တို့ ရှိနေသည်ဆိုပါလျှင် သမာရိုးကျ ယဉ်ကျေးမူအသိုက်အမြုံ၏ အပြင်ဘက်သို့ ရောက်နေသူဟုသာ
စွပ်စွဲကြမည်မှာ ကျိန်းသေသည်။ သို့သော် ဟေတီကျွန်းတွင်မူ မှော်ပညာအစွမ်းဖြင့် လက်တွေ့အကျိုးရလဒ်တို့အား ရရှိနေကြပုံကို မျတ်ဝါးထင်ထင်
တွေ့မြင်နေရပြီဖြစ်သည်။ ယင်းဟေတီကျွန်းတွင် ဗူဒူးနတ်ဆရာကြီးများအား တွေ့ဆုံရန်မှာ ဆရာဝန်နှင့်တွေ့ပြီး ရက်ချိန်းယူရသကဲ့သို့ပင်ဖြစ်သည်။ ထိုနတ်ဆရာတို့၏ ဗူဒူးပွဲဆိုသည်မှာ ဘာသာရေးပွဲသဘင်များကဲ့သို့ပင် ရပ်ကွတ်သူ၊ရပ်ကွတ်သားအားလုံးပါဝင်သော အခမ်းအနားတစ်ရပ်ပင်ဖြစ်သည်။ ဟေတီတို့၏ ဗူဒူးပညာတွင် မှော်ဆရာများနှင့်နတ်ဆရာများကို ခွဲခြားထားခြင်းမရှိချေ။ ထိုသူတို့သည်ရောနှောပြီးအတူနေထိုင်ကြသည်။ နောက်ထပ်ထူးခြားချက်ကမူ
ထိုဟေတီကျွန်းသားများသည် အမွှာကလေးများကို အလွန်အလေးအနတ်ထားကြသည်။ ထိုအမွှာကလေးများသည် လူတစ်ဝက်နတ်တစ်ဝက်ရောနေသောကလေးများဟု ယင်းတို့က ယူဆထားသည်။ ဆိုလျှင် ဟေတီသည် မှော်ပညာ၏ အစိတ်အပိုင်းများကို အမှန်တကယ်တွေ့မြင်ခွင့် ရရှိနိူင်သော နိူင်ငံတစ်ခုဖြစ်သည်ဟုပင် ဆိုနိူင်သည်။ ထိုအပြင်ဟေတီမှ ဗူဒူးပညာဖြင့် စီမံဖော်စပ်ထားသော ဆေးဝါးများ၊ အဆောင်များ၊ ရုပ်တုများ၊ ဖယောင်းတိုင်များမှာ ရောင်းကုန်ပစ္စည်းတစ်ခုအဖြစ်နှင့် ထွင်ကျယ်လာခဲ့ပြန်သည်။ ထိုပစ္စည်းများကို အင်္ဂလန်နိူင်ငံ၊ လန်ဒန်မြို့၊ဟာလေလမ်းရှိဆိုင်တစ်ဆိုင်တွင် ရောင်းချလျှက်ရှိသည်ဟုလည်း ဖော်ပြထားကြပါသည်။
Ref::wikipedia
Minsetwai
ရောက်လာပေးလို့ ကျွန်တော်မင်းဆက်ဝေက အရမ်းဝမ်းသာပါတယ်ခင်ဗျ။ နောက်လည်း ကျွန်တော်ဆိုဒ်လေးကို လာအားပေးပါဦးနော်။
နတ်ဝင်သည်(Medium)
နတ်ဝင်သည်(Medium)
ယနေ့ခေတ်အမြင်အရ နတ်ဝင်သည်ဟူသည်မှာ ဝိညာဉ်လောကသားတို့နှင့် ဆက်သွယ်နိူင်သောသူများကို ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု အလွယ်တကူ နားလည်ထားခဲ့ကြသည်။ ထိုသို့သော နတ်ဝင်သည်များမှာ အမျိုးအစားအားဖြင့် နှစ်မျိုးနှစ်စားရှိသည်။ ပထမအမျိုးအစားမှာ ဝိညာဉ်များအား ရုပ်ပိုင်းဆိုင်ရာကို အသုံးပြု၍ ဆက်သွယ်သော နတ်ဝင်သည်ဖြစ်ပြီး၊ ဒုတိယတစ်မျိုးမှာ ဝိညာဉ်များအား စိတ်ပိုင်းဆိုင်ရာ အသုံးပြု၍ ဆက်သွယ်သော နတ်ဝင်သည်များ ဖြစ်သည်။ ထိုနှစ်မျိုးအနတ် ဝိညာဉ်ကိုဆက်သွယ်သော နတ်ဝင်သည်အများစုမှာ စိတ်ပိုင်းဆိုင်ရာကို အသုံးပြုကြသည့် နတ်ဝင်သည်များပင်ဖြစ်သည်။ ထိုစိတ်ပိုင်းဆိုင်ရာကို အသုံးပြုသည့် နတ်ဝင်သည်များသည် သာမန်လူတို့ မမြင်နိူင်သော၊ သာမန်လူတို့ မကြားနိူင်သော အသံများကို မြင်နိူင်၊ကြားနိူင်လေသည်။ ရုပ်ပိုင်းဆိုင်ရာ နတ်ဝင်သည်အများစုကမူ စိတ်ပိုင်းဆိုင်ရာ နတ်ဝင်သည်များကဲ့သို့ အာရုံထူးများမရှိကြပေ။ သို့သော် သူတို့သည်လည်း ဝိညာဉ်နှင့်တမလွန်လောကသားများကို တိုက်ရိုက်ဆက်သွယ်နိူင်စွမ်းရှိကြသည်။ ဥပမာအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မူတစ်ခုကို ထုတ်ပြရပါလျှင် မက္ကဆီကိုနိူင်ငံမှ အလေ့အထတစ်ခုတွင် တမလွန်လောကမှ ဝိညာဉ်များနှင့် တွေ့ဆုံစကားပြောရန်အတွက် လူတို့သည် နှစ်သစ်ကူးညကို စောင့်မျှော်နေတတ်ကြသည်။ နှစ်သစ်ကူးညကို ရောက်လျှင် နတ်ဝင်သည်သည် စာရွက်တစ်ရွက်ပေါ်တွင် စာလုံးများရေးသားပြီး ထိုရေးထားသော စာရွက်ပေါ်သို့ ဖန်ခွက်ကို မှောက်၍တင်လိုက်ကြသည်။ ထိုနောက် အနားရှိသူအားလုံးသည် မှောက်ထားသောဖန်ခွက်ပေါ် လက်တင်၍ ဝိညာဉ်နှင့်အမေးအမြန်းလုပ်ကြသည်။ ဝိညာဉ်က ပြန်၍ဖြေသောအခါ ခွက်မှာ အဖြေရှိရာ စကားလုံးဆီသို့ ရွေ့လျားသွားသည်။ ယင်းသို့သော ဆက်သွယ်မူမှာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဆက်သွယ်မူတစ်မျိုးဖြစ်ပြီး ယင်းကို Ouija board ဟုခေါ်ကာ ယခုနောက်ပိုင်း နိူင်ငံခြားရုပ်ရှင် အများအပြားတွင် တွေ့မြင်ကြဖူးလိမ့်မည် ဖြစ်သည်။
နတ်ဝင်သည်များနှင့် ပတ်သက်၍ ရှေးယခင် အကြောင်းအရာများကို ကြည့်လျှင်မူ ထရာကို ဖရီဂျီယန်(Thraco-phrygian) လူမျိုးတို့သည် ဒိုင်အိုနီစီယပ်စ်(Dionysiae)နတ်ကို ပူဇော်ပသသောအခါ ဝိုင်အရက်များကို သောက်သုံးကြသည်။ ၎င်းတို့ သောက်၍ မူးလာသောအခါ သူတို့၏ခန္ဓာကိုယ်ထဲသို့ နတ်ဝင်ပူးကပ်သည်ဟု ယုံကြည်ထားကြသည်ကို တွေ့ရသည်။ ထိုသို့ နတ်ဝင်ပူးသောအခါတွင် ထိုသူတို့သည် ရူးသွပ်သလိုဖြစ်လာကြပြီး ခန္ဓာကိုယ်တွင်းရှိ နတ်နှင့်ပေါ်င်းကာ ယဇ်ပူဇော်ထားသော သားကောင်များအား တစစီဆုတ်ဖြဲ စားသောက်ကြလေသည်။
အနောက်နိူင်ငံများတွင်မူ နတ်ဝင်သည်တို့မှာ တမလွန်ဘုံသားများနှင့် သူတို့သည် အမှန်တကယ် ဆက်သွယ်နိူင်ကြောင်းကို လူတို့ ယုံကြည်လာစေရန် အံဖွယ်သရဲ အမူများ ပြုလုပ်ပြတတ်ကြသူများ ဖြစ်သည်ကို တွေ့ရှိခဲ့ကြရသည်။ ယင်းတို့ပြုလုပ်သော နတ်ပွဲများ၌ သေသူမှ ဝိုးတဝါးပုံရိပ်အသွင်ဖြင့် ကိုယ်ထင်ပြခြင်း ၊ လူများနှင့် စကားပြောခြင်း၊ သက်မဲ့အရာဝထ္ထူများ အလိုလို ရွေ့လျားပြခြင်း ၊ နတ်မေးသူကိုင်ထားသော ကျောက်သင်းပုန်းပေါ်၌ သေသူရေးသောစာများ ပေါ်လာခြင်း၊ စသကဲ့သို့သော အပြုအမူများကိုလည်း တွေ့ရှိရသည်။ အထူးသဖြင့် အချို့သော နတ်ဝင်သည်များမှာ သေသူထံမှ တခုခုကိုကြားသိခဲ့ရသည့် အကြောင်းအရာကို ပြန်လည်ဖော်ပြရာ၌ ရရှိသော စကားလုံးများနှင့် အခြားသော အချက်အလတ်များသည် သဲသဲကွဲကွဲ ပြည့်ပြည့်စုံစုံ မဟုတ်ဘဲ၊ ကပေါ်က်တိ ၊ ကပေါ်က်ချာဖြစ်နေတတ်သော အခါများလည်း ရှိသည်။ ထိုကြောင့်စိတ်ဝိညာဉ်သုတေသနဆိုင်ရာမှ ပညာရှင်တချို့သည် ယင်းတို့ကို ပဉ္စလက်နည်းဖြင့် အံဖွယ်သရဲအမူများကို ပြုလုပ်ပြသကာ လိမ်ညာနေသူများဖြစ်သည်ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။ အမေရိကန်တို့မှာလည်း နတ်ဝင်သည်ဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ပတ်သက်ကြပြန်ရာ ယင်းကို အမေရိကန်တို့က Spiritualismဟု ခေါ်ဆို သုံးနူန်းခဲ့ကြသည်။ အထူးသဖြင့် ၁၈၀၀ပြည့်နှစ်တွင် Spiritualism ခေါ် သေသူများနှင့် ဆက်သွယ်ခြင်း၊ လိပ်ပြာလွှင့်ခြင်းနှင့် စိတ်ဖြင့် အရာဝထ္ထူများကို ရွေ့လျားပြခြင်း၊ အလိုအလျှောတ်စာရေးခြင်း(Automatic writing)၊ နိမိတ်ဖတ်ခြင်း၊ ေ့ရှဖြစ်ဟောခြင်း၊ စျာန်ပျံခြင်းတို့မှာ အမေရိကန်ရှိ သိပ္ပံပညာရှင်များကိုပင် တအံတသြ ဖြစ်စေခဲ့သည်။ မယုံကြည်သော သိပ္ပံပညာရှင်အချို့လည်း ရှိသလို ယုံကြည်ခဲ့ကြသော သိပ္ပံပညာရှင်များလည်း ရှိခဲ့ကြသည်။ ထိုနတ်မေးခြင်းကိစ္စသည် အနာဂတ်ဆိုင်ရာ အသိပညာရှာဖွေခြင်း အလေ့အထဖြစ်သည်ဟု အချို့က သတ်မှတ်ကြပြီး အချို့က ထိုလုပ်ဆောင်မူများသည် မာန်နတ်(နတ်ဆိုး)ဆိုင်ရာ ပညာတစ်ခုသာ ဖြစ်ပြီး ထိုအလေ့အထ၌ နတ်ဆိုးသည် အနာဂတ်ကြိုတင်ပေးသိခြင်းအားဖြင့် လူတို့၏စိတ်ကို ပို၍ရှုပ်ထွေးမူများ ဖြစ်စေပြီးလျှင် လူ၏စိတ်အား ပျက်စီးအောင် ကြိုးစားသည်ဟု သတ်မှတ်ကြ၏။
နတ်မေးခြင်းနှင့် နတ်ဝင်သည်တို့နှင့် ပတ်သက်၍ များစွာသော အယူအဆထဲ၌ အချို့သော သိပ္ပံပညာရှင်များကမူ ထိုအံဖွယ်ဖြစ်ရပ်များအပေါ် အံတသြဖြစ်ခဲ့ကြပြီး ထို အကြောင်းရပ်များကိုသိပ္ပံနည်းကျ သုတေသနပြုဖို့ စိတ်အား ထက်သန်ခဲ့ကြသည်။ ထိုသို့စိတ်အားထက်သန်သော် သိပ္ပံပညာရှင်တစ်ယောက်မှာ အင်္ဂလိပ်လူမျိုး ဓာတုဗေဒပညာရှင် ဆာဝီလီယံ ခရွတ်စ်(Sir Willian crookes)ဖြစ်သည်။ သို့ရာတွင် စိတ်ဝိညာဉ်သုတေသန ပညာရှင် ဒေါ်တ်တာ ဟော့ဆင်းက သေသူပြောသော စကားများမှာ တစ်ခါတစ်ရံ လွဲမှားခြင်း၊ မပြည့်စုံခြင်းတို့ ဖြစ်ရလေကာ စာလုံးများ ပြည့်ပြည့်စုံစုံ မဖော်ပြနိူင်ရခြင်းမှာ ဆန်းလှသည်တော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လူအများစု လက်ခံထားသော သေသူနှင့် အဆက်အသွယ်ရရှိသည့် စကားများမှာ သေသူ၏စကားမဟုတ်ဘဲ နတ်ဝင်သည်၏ ဘဝင်စိတ်ကြောင့် ဖြစ်ပေါ်လာရခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ယင်းအယူအဆ၌ နတ်ဝင်သည်တို့သည် ဘဝင်ကျချိန်တွင် တမလွန်လောကရှိ ဝိညာဉ်များမှတဆင့် မိမိတို့သိလိုသည်များကို မေးမြန်းကြသည်။ တခါတရံတွင် သေဆုံးပြီးသောဝိညာဉ်က ဝင်ရောက်ပူးကပ်မူပြု၍ ယင်းနှင့် လူ့ဘဝတွင် သက်ဆိုင်ခဲ့သူများကို တိုက်ရိုက်ဆက်သွယ် ပြောဆိုမေးမြန်းမူများ ပြုလုပ်တတ်ကြသည်။ တခါတရံတွင်မူ ဝိညာဉ်တို့သည် နူတ်ဖြင့်မပြောဘဲ စာဖြင့်ရေးသားဖော်ပြကြသည်။ ယင်းကို အလိုအလျှောတ်စာရေးခြင်း(Automatic writing)ဟု ခေါ်ကြ၏။ ယင်းဖြစ်စဉ်သည် ဝိညာဉ်များမှာ အမှန်တကယ် ဝင်ရောက်ပူးကပ် ရေးသားခြင်းဖြစ်သည်ဟု အချို့က ယုံကြည်ထားကြသည်။
သမိုင်းတစ်လျှောတ်၌ ထင်ရှားခဲ့သော နတ်ဝင်သည်များကမူ ကိတ်ဖောက်စ်(Kte Fox)၊ ဖလော်ရင့်ကွတ်ခ်(Florence Cook)၊ ဒယ်နီရယ်လ် ဒွန်းဂလပ်စ်ဟုမ်း(Daniel Dungles Home)၊ Mrs. Osborne Leonard ၊ အက်စတယ်ရောဘတ် နှင့် Mrs . Piperတို့ပင်ဖြစ်သည်။ ပညာရှင်များထဲတွင် Mrs. Osborne Leonardသည်က ဗြိတိသျှ စိတ်ဝိညာဉ်သုတေသနအသင်းက အထူးစေ့စပ်သေချာစွာ လေ့လာခံခဲ့ရသော နတ်ဝင်သည်တစ်ဦး ဖြစ်သည်။ ထိုအတူပင် Mrs . Piper ကျော်ကြားလှသူဖြစ်သောကြောင့် ၁၈၈၉ခုနှစ်တွင် စိတ်ဝိညာဉ်သုတေသနအသင်းက ပညာစမ်းရန် အင်္ဂလန်သို့ ဖိတ်ခေါ်ခြင်းခံခဲ့ရသူလည်း ဖြစ်သည်။ ထိုဖိတ်ခေါ်မူတွင် သူမကို လိမ်ညာသောနတ်ဝင်သည်တစ်ယောက်ဟု စွတ်စွဲခံရခြင်းမှာ မဟုတ်ကြောင်းကို Mrs . Piperက သက်သေပြနိူင်ခဲ့သည်။ သူမနှင့်ပတ်သက်၍ ဗြိတိသျှနှင့် အမေရိကန် စိတ်ဝိညာဉ်သုတေသနအသင်းတို့ကမူ သူမကို နှစ်ပေါ်င်းများစွာ စူးစမ်းလေ့လာခဲ့ကြရာ ဒေါ်လာငွေ တစ်သိန်းငါးသောင်းခန့် ကုန်ကြခဲ့ပြီး သူမနှင့်ပတ်သက်သော သုတေသနပြုမူမှတ်တမ်းပေါ်င်း စာမျတ်နှာ သုံးထောင်ကျော်ခန့် မျှ ရှိခဲ့သည် ဟူ၏။ အတ်စတယ်ကမူ သိတတ်စကလေးဘဝမှစ၍ ဝိညာဉ်များကို မြင်တွေ့နိူင်ခဲ့သောသူ ဖြစ်သည်။ သူသည် ၁၉၂၅ မှ ၁၉၇၀အထိ တမလွန်လောကသို့ ဆက်သွယ်မူများ အကြိမ်ကြိမ်ပြုလုပ်ပြခဲ့သည်။ ထိုပြုလုပ်မူများတွင် အတ်စတယ် ပြောတတ်သည်ကတော့ "ဝိညာဉ်လောကမှ ပုဂ္ဂိုလ်များကလည်း သူတို့ချစ်ခင်ကြတဲ့ လူတွေနဲ့ ဆက်သွယ်လိုကြပါတယ်။ သူတို့ ရှိနေတဲ့အကြောင်းကို သူတို့ပြောပြလိုကြပါတယ်။ ပူဆွေးသောကရောက်နေတဲ့ မိသားစုကို သူတို့က သောကပြေပျောက်စေချင်ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ တိုက်ရိုက်ဆက်သွယ်မူ မပြုလုပ်နိူင်ကြတာကြောင့် နတ်ဝင်သည်မှတဆင့် ဆက်သွယ်နိူင်မယ့် အခွင့်အရေးကို စောင့်မျှော်နေတတ်ကြပါတယ်" ဟူ၏။
ကိုးကား
ဆရာဦးအေးမောင်၏ စိတ်ဝိညာဉ်ဆိုင်ရာ လေ့လာတွေ့ရှိမူများ ဆရာဦးဆန်လွင်၏ လူတို့ကိုးကွယ်ရာ ဘာသာတရားများ ကိုဆွေ(ပန်နိုရားမား)၏ သဘာဝလွန်ဖြစ်ရပ်များနှင့် သိပ္ပံပညာ
ဒေါ်တ်တာမင်းတင်မွန်၏ ဘဝဖန်တီးရှင်ကံတရား
Dec11.2020
Minsetwai
ရောက်လာပေးလို့ ကျွန်တော်မင်းဆက်ဝေက အရမ်းဝမ်းသာပါတယ်ခင်ဗျ။ နောက်လည်း ကျွန်တော်ဆိုဒ်လေးကို လာအားပေးပါဦးနော်။
November 22, 2020
နတ်ကိုးကွယ်မူများ
နတ်ကိုးကွယ်မူများ
လူသားတို့သည် မိမိတို့အကျိုးရရှိရေးအတွက် အစဉ်သဖြင့်ရယူချင်နေကြသူများ ဖြစ်သည်။ အထူးသဖြင့် အတွေးအခေါ်၊ အသိအမြင်၊ ယုံကြည်ဆည်းကပ်ကိုးကွယ်မူ စသော မျက်စိဖြင့်မမြင်နိူင်သော ကိစ္စရပ်များပေါ်တွင် ပို၍များပြားသည်။ လူသားတို့သည် သဘာဝအလျှောတ် မိမိတို့အကျိုးရရှိရေးအတွက် အစဉ်သဖြင့် ရယူလိုစိတ်ရှိကြရာ ယုံကြည်မူနှင့် ဆည်းကပ်ကိုးကွယ်မူတို့မှာလည်း ထိုအစိတ်အပိုင်း၌ လွန်စွာ အရေးပါခဲ့ကြသည်။ ယုံကြည်ချက်နှင့် လူလုပ်သည်ဟူသော စကားအတိုင်းပင်ဖြစ်သည်။
ေ့ရှတွင်ဖော်ပြခဲ့ပြီးသော လူမျိုးတိုင်းကို လေ့လာကြည့်ပါလျှင် လူမျိုးတိုင်းတွင် ကိုးကွယ်စရာအတွက် နတ်များရှိကြသည်ကို သတိပြုမိကြလိမ့်မည် ထင်ပါသည်။ ထိုနတ်ကိုးကွယ်မူများမှ စတင်ပြီး နတ်ဝိဇ္ဇာများ၊ နတ်ဆိုးများ၊ ေ့ရှဖြစ်သောခြင်းများ၊ ယဇ်ပူဇော်ခြင်းများ၊ စတေးခြင်းများ၊ စုန်းနှင့်ကဝေများ ပေါ်ပေါ်က်ခဲ့ကြသည်ဟု ဆိုလျှင်လည်း မှားလိမ့်မည်မထင်။ ထိုကြောင့် မှော်ပညာတို့၏ အဦးအစများမှာလည်း နတ်ကိုးကွယ်မူမှသာ စတင်အရင်းခံသည်ဟု ဆိုနိူင်၏။
နတ်ကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ဆရာကြီး ပါရဂူသည် မည်သည့်လူမျိုးမှ နတ်မဆင်းရဲဟူ၍ ဆိုခဲ့ဖူးသည်။ အဘယ်ကြောင့် နတ်မဆင်းရဲရပါသနည်းဟု ဆိုလျှင် ကမ္ဘာဦးကာလ၌ လူတို့သည် ဘေးရန်အန္တရာယ်အမျိုးမျိုးတို့ကို ကြောက်ရွံကြသည်ဖြစ်ရာ ထိုအတွက် ယင်းတို့၏ မသိစိတ်၌ ကိုးကွယ်မူကို ရှာဖွေခဲ့ကြကုန်ရာက စရပါလိမ့်မည်။ ထိုအချိန်ကာလက လူသားတို့၏ ဘေးဒုက္ခမှာ ယနေ့ခေတ် လူသားများထက် ပိုမိုကြီးမားမည်ဟု ထင်မိသည်။ ထိုရှေးဦးလူ့အဖွဲ့အစည်းအတွင်းရှိ လူသားများသည် ယခုခေတ်ကဲ့သို့ တိုးတတ်သော အသိအမြင် မရှိကြသေးပေ။ ထိုကာလက ဖြစ်ပေါ်ခဲ့သော မိုးခေါ်င်ခြင်း ရေကြီးခြင်း ငလျှင်လှုပ်ခြင်း မိုးကြိုးပစ်ခြင်း တောမီးလောင်ခြင်း ရောဂါဘယဖြစ်ဟွးခြင်း စသော ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြရသောအခါ လူသားတို့မှာ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဟု တွေးတောကြကုန်သည်။
လူသားတို့သည် မိမိတို့ညဏ်မီသလောက် အဖြေထုတ်မိသည်မှာ တစ်စုံတစ်ဦးသည် မိမိတို့ကို မနှစ်မြို့သောကြောင့် ဒဏ်ခတ်သည့်အနေနှင့် အပြစ်ပေးခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ထိုယူဆမူနောက်တွင် နတ်များကို ဖန်တီးလိုက်ကြပြီး ထိုနတ်တစ်ပါးပါးမှ မိမိတို့ ပြုမိမှားမိသော အပြစ်တို့မှ ကင်းလွတ်ခွင့်ပေးရန်အတွက် တောင်းပန်ခယမူများ ပြုလုပ်ကြသည်။ ထိုမှတဆင့် သက်ဆိုင်ရာ အာဏာပိုင်စိုးကြသော တစ်စုံတစ်ဦးကို တန်ခိုးရှင် သို့မဟုတ် နတ်အဖြစ် ယူဆလာကြပြီး မိမိတို့ဘဝရှိ အမြတ်တနိူးထားရာတို့နှင့် ပူဇော်ပသခြင်းများကို ပြုလုပ်ကြပြီး ထိုတန်ခိုးရှင်နတ်မှ မိမိတို့အပေါ် ကောင်းချီမင်္ဂလာ အဖြာဖြာ ယူဆောင်ပေးလိမ့်မည်ဟု ယုံကြည်လာခဲ့ကြသည်။ ထိုမှအစပြု၍ လူသားတို့သည် မိမိဝန်းကျင်ရှိ မြင်မြင်သမျှ တော တောင် ရေ မြေ လေ မီး ကောင်းကင် ဂြိုလ် နက္ခတ် စသဖြင့် ရုပ်ဝထ္တူတို့အား မိမိတို့၏ ကံကြမ္မာကို ဖန်တီးပေးသော တန်ခိုးရှင်များကဲ့သို့ ကိုးကွယ်လာကြသည်။ ထိုသို့မှ မကိုးကွယ် မပူဇော်ဘူးဆိုလျှင် ထိုနတ်တို့သည် မိမိတို့အား ရောဂါကပ်ဆိုးများနှင့် သဘာဝ ဘေးအန္တာရာယ်များကို ဖန်တီးပြီး မိမိတို့အား အပြစ်ပေးလိမ့်မည်ဟုလည်း ယူဆကြသည်။ ထိုယူဆချက်ကြောင့်ပင် ထိုနတ်များအပေါ် မယုံကြည်သူများမှာ ကြီးမားသောပြစ်ဒဏ်ဖြစ်သည်ဟု လက်ခံလာကြသည်။ ထိုကြောင့် လူအမျိုးမျိုး နတ်အထွေထွေဆိုသည့်စကားအတိုင်း လူမျိုးတိုင်း လူမျိုးတိုင်းတွင် ယင်းတို့ ယုံကြည်ကြသော နတ်များ ရှိလာကြကုန်သည်။
အနည်းငယ်စီ ဖော်ပြပေးရပါမူ ရှေးခေတ်က အုပ်စုဖွဲ့၍ နေထိုင်လေ့ရှိသော ရှေးအီဂျစ်လူမျိုးတို့သည် သစ်တောက်ဌက်နတ် မိကျောင်းနတ် ခွေးနတ် ကြောင်နတ် သိန်းဌက်နတ် လင်းတနတ် နေနတ် နိူင်းမြစ်နတ် စသည့်တို့ကို ကိုးကွယ်လာခဲ့ကြသည်။ ဆူမာရီယာန်တို့သည်က စိုက်ပျိုးရေးသမားများဖြစ်သောကြောင့် မြေစောင့်နတ် လယ်စောင့်နတ် ကောင်းကင်စောင့်နတ်တို့ကို အဓိကအားပြု ကိုးကွယ်ခဲ့ကြသည်။
အဆီရီယာန်တို့သည် အာဆူးခေါ် စစ်နတ်ဘုရားကို ကိုးကွယ်ကြပြီး ချာလ်ဒီယာန်တို့သည်က ယင်းတို့၏ ခေတ်တွင် ရှာဖွေတွေ့ရှိခဲ့ကြသော ဂြိုလ်ကြီးငါးလုံးနှင့် နေနတ်ဘုရား ၇ပါးကို ကိုးကွယ်ခဲ့ကြသည်။ ရှာမင်တို့သည်က နတ်ဘုရားများ၏ အကြီးအကဲဖြစ်သော Odinကို ကိုးကွယ်ကြသည်။ ထိုနတ်ဘုရား Odin၏ စစ်သည်တော်များမှာ စစ်လက်နတ်များကို အနည်းငယ်မျှသာ ကိုင်ဆောင်တတ်ကြပြီး တကယ်တိုက်ခိုက်ချိန်တွင်မူ ထိုစစ်သားများသည် ခွန်အားကြီးသော မြေခွေးနှင့် ဝံပုလွေများအဖြစ်သို့ အသွင်ပြောင်းလဲသွားသည်ဟူ၏။
အိန္ဒိယရှိ ဟိန္နူလူမျိုးတို့၏ ကိုးကွယ်မူကို လေ့လာလျှင်မူ နတ်ဘုရားများကို ကျယ်ကျယ်ပြန့်ပြန့်ကိုးကွယ်ကြောင်း တွေ့မြင်ရမည် ဖြစ်သည်။ ဟိန္နူတို့ကိုးကွယ်သော နတ်ဘုရားများသည်က ဗြမ္ဗာ(Brahma)၊ ဗိဿ နိူး(Vishnu)၊ Ganapati၊ ရာမ(Rama)၊ ဆာရဝတီ(Saraswati)၊ လက်ခ်ျမီးလ်(Lakshmi)တို့ကို ကိုးကွယ်ကြသည်။ ရာမနတ်မှာ ဟိန္နူတို့၏ အချစ်တော်နတ်ဘုရားတစ်ပါး ဖြစ်သည်။
ဂျပန်လူမျိုးများ၏ နတ်ကိုးကွယ်မူမှာတော့ ကံကြမ္မာနတ်ဘုရားခုနှစ်ပါး (Shichifukajin)ကို အထူးအလေးထားကိုးကွယ်ကြသည်ကို တွေ့ကြရမည် ဖြစ်သည်။ ဂျပန်လူမျိုးများက ထိုနတ်ဘုရားတို့မှာကံကြမ္မာကောင်းများကို ဖန်တီးပေးနိူင်သည်ဟု ယုံကြည်ကြသည်။ ထိုကြောင့်လည်း သူတို့က ထိုနတ်ဘုရားခုနှစ်ပါး၏ ပုံတော်များကို အိမ်တွင်အမြတ်တနိူးချိတ်ဆွဲ၍ ပူဇော်ကြသည်။ ထိုနတ်ဘုရားခုနှစ်ပါးကို လေ့လာကြည့်လျှင်မူ အဲဘီဆု(Ebisu)နတ်တစ်ပါးသည်သာ ဂျပန်နတ်ဘုရားစစ်စ်ဖြစ်သည်ကို တွေ့ရသည်။ အဲဘီဆုနတ်သည် တံငါးသည်များအပေါ် စောင်မကြည့်ရှုပေးသော နတ်ဖြစ်သည်။ ကျန်ရှိသော နတ်ဘုရားတို့သည်က တောက်(Tao)မှ နတ်ဝိဇ္ဇာများသာ ဖြစ်သည်ဟူ၏။
ထိုကဲ့သို့ တိုင်းပြည်တိုင်းရှိ လူမျိုးတိုင်းမှာ မိမိယုံကြည်ကိုးကွယ်ရာ နတ်များရှိကြသလိုပင် ကျွန်တော်တို့ မြန်မာများ ကိုးကွယ်သောနတ်များအကြောင်းကိုလည်း လေ့လာကြည့်ရမည်။ မြန်မာလူမျိုးတို့၏ နတ်ကိုးကွယ်မူတွင် ဗုဒ္ဓဘာသာဆိုင်ရာနတ် ၃၇ မင်း၊ အပြင် ၃၇ မင်း၊ အတွင်း ၃၇မင်း ဟူ၍ ကိုးကွယ်ကြသောနတ်များ ရှိကြပါသည်။ အတွင်း ၃၇မင်း နတ်စာရင်းတွင် စတုမဟာရာဇ် နတ်ကြီးလေးပါးနှင့် အထက်တန်းစားနတ်များ ပါဝင်သည်။ အပြင် ၃၇ မင်း နတ်စာရင်းတွင်မူ အစိမ်းသေ သေကြရသော မင်းမဟာဂိရိနတ်ဆွေမျိုးတစ်စု ၊ မြွေကိုက်၊ ကျားကိုက် နှင့် အစိမ်းသေသောသူများ၊ ရင်ကွဲနာကြသူ၊ နူသူ ၊ သွေးဝမ်းလျှောသူ ၊ နာတာရှည် ရောဂါနှင့်သေဆုံးသူ၊ အရက်မူး၍ သေဆုံးသူတို့ ပါဝင်သည်။
ထိုသို့နတ်ဘုရား အသီးသီးကို ကိုးကွယ်ခဲ့ကြပြီးနောက် လူတို့သည် နတ်ဘုရားများထံ၌ ဆုတောင်းခြင်းများကို ပြုလုပ်လာခဲ့ကြသည်။ ထိုသို့ နတ်ဘုရားများထံ ဆုတောင်းခြင်းသဘောသည် လက်နက်ချခြင်း၊ တိုးလျှိုးအသနားခံခြင်းတို့နှင့်လည်း ဆက်နွယ်နေသည်ဟု ပညာရှင်အချို့က သုံးသပ်ပြခဲ့သည်။ ဥပမာဆိုရလျှင် ရောမတို့၏ဆုတောင်းချက်များတွင် နတ်ဘုရားသို့ ပူဇော်ရာယဇ်ကောင်များသည် နတ်ဘုရားများမှ နှင့် အရောင်းအ ၀ ယ်များကောင်းမွန်အောင် လုပ်ဆောင်ပေးရန်အတွက် အသနားခံဆုတောင်းခြင်းမျိုးပင် ဖြစ်သည်။ ထိုအတူ ရောမမှ စိုက်ပျိုးရေးဆိုင်ရာ Cato the Elder ၏စာချုပ်တွင် ထိန်းသိမ်းထားသောရိုးရာဆုတောင်းခြင်းများကိုဖော်ပြထားရာ တစ်ခုမှာမူ လယ်သမားတစ် ဦး သည် မြင့်မြတ်သောအာရှရပင်၏နတ်ဘုရားကို စကားပြောဆိုတိုင်တည်ပြီး ထိုနတ်ဘုရားသို့မဟုတ်နတ်ဘုရားမအား ဝက်တစ်ကောင်အားယဇ် ပူဇော်၍ တောအုပ်မှအပင်အချို့ကို ခုတ်လှဲခွင့်ပြုရန် ခွင့်ပြုချက်တောင်းခံရသည်။ ထိုသို့ လူမျိုးအသီးသီးမှ နတ်ကိုးကွယ်မူများမှသည် ဆုတောင်းခြင်းများအထိ အဆင့်ဆင့်ဖွံဖြိုးလာခဲ့ရာ၌ မှော်ဆိုင်ရာ အေ့လအထများမှာလည်း လိုက်ပါ၍ဖွံဖြိုးလာခဲ့ကြပါသည်။
ကိုးကား
ဝီကီပီဒီယာ
5:51AM
Oct2.2020
Minsetwai
ရောက်လာပေးလို့ ကျွန်တော်မင်းဆက်ဝေက အရမ်းဝမ်းသာပါတယ်ခင်ဗျ။ နောက်လည်း ကျွန်တော်ဆိုဒ်လေးကို လာအားပေးပါဦးနော်။
အနောက်တိုင်းမှမှော်
အနောက်တိုင်းမှမှော်
အနောက်တိုင်းမှ မှော်ပညာနှင့် ပတ်သက်ပြီးပြောရလျှင် ယင်းတို့၏ မှော်ပညာသည် သာသာရေးအမြင်များနှင့် အတိုက်အခိုက်ဖြစ်ခဲ့ကြပြီး အဖြစ်အပျက်တို့မှာ များပြားလွန်းလှသောကြောင့် အရှုပ်ထုပ်ကြီးတစ်ခုကို အစကပြန်ဖြေရသည့်ပုံမျိုးနှင့်ပင် တူတော့သည်။ သို့ပါသော်လည်း စာဖတ်သူများ အလွယ်တကူနားလည်စေရန်အတွက် ကျွန်တော်နားလည်ထားသလောက် ဖော်ပြပါမည်။ အထူးသဖြင့် အနောက်တိုင်းသားအများစုသည် ဥရောပတိုက်၏ အလယ်ခေတ်လောက်မှာ စတင်ပြီ်း မှော်ပညာကို အလွန်စိတ်ဝင်စားလာခဲ့ကြခြင်း ဖြစ်သည်။ ထိုသူတို့ စိတ်ဝင်စားရခြင်း၏ အကြောင်းရင်းကို တွေးခေါ်ရှင်လည်းဖြစ်၊ ဂန္ဓရီပညာရှင်လည်းဖြစ်သော ပါရာဆဲဆပ်စ်(paracelSus1948-1541)က လူသားတို့၏ကျိုးကြောင်း ဆင်ခြင်တုံညဏ်ဖြင့် ချဉ်းကပ်ခြင်းမပြုနိူင်သော အရာများကို မှော်ပညာတွင်
တွေ့ကြုံခံစားနိူင်ပြီး ထိုအရာများအပေါ်တွင်လည်း တိုင်းတာနိူင်သော စွမ်းရည်ရှိသောကြောင့် ထိုသူတို့သည် မှော်ပညာရပ်များကို စိတ်ဝင်စားကြခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
#ဂန္ဓရီလောကတွင် နာမည်ကြီးသော
အယ်လီဖော့ လယ်ဝီ(Eliphos levi 1810-1875) ကလည်း မှော်ပညာဟူသည် ပညာရှင်များထံမှ လက်ဆင့်ကမ်းရောက်ရှိလာသော လျို့ဝှတ်ပညာရပ်ဖြစ်ပြီး ယင်းမှာ သဘာဝ၏လျိုဝှတ်ချက်များနှင့် ပတ်သတ်သော အစဉ်အလာတစ်မျိုး ဖြစ်သည်ဟု ဆိုခဲ့သည်။
ယင်းမတိုင်ခင်က အနောက်တိုင်းသားတို့မှာ သိပ္ပံပညာများ ထွန်းကားသောကာလတွင် ရှင်သန်လာကြသူများပီပီ ထိုပညာရပ်အပေါ် အထင်သေးရှုပ်ချခဲ့ကြသည်။ မှော်ပညာနှင့်ပတ်သတ်ပြီး သဘောထား ကျဉ်းမြောင်းကာ မှော်အတတ်ကို စိတ်ကူးယဉ်ဖန်တီးထားသော အရာတစ်ခုဟု စွပ်စွဲခဲ့ကြသည်။ သို့သော် မှော်ပညာရပ်တွင် ပါဝင်သော တစ္ဆေသရဲများကိုစေခိုင်းခြင်း၊ ပယောဂထုတ်ခြင်း၊ အရာဝထ္ထူများကို ရွေ့လျားပြခြင်း၊ တမလွန်ဘဝမှ ဝိညာဉ်များနှင့် စကားပြောဆိုခြင်း ၊ မိုင်ထောင်ပေါင်းများစွာကွာဝေးသောနေရာတွင် ဖြစ်ပျက်နေသော
အရာများကိုကြိုသိနေခြင်းတို့ကိုမူ မှော်ပညာအပေါ် ထိုသဘောထားကျဉ်းမြောင်းနေသူများကိုယ်တိုင် စိတ်ဝင်တစားနှင့် အံသြတသင့်ဖြစ်နေကြရဆဲပါပင်။ ယင်းတို့စိတ်ဝင်စားလာခဲ့သော ထိုအနောက်တိုင်းမှ မှော်ပညာတွင်လည်း အေ့ရှတိုင်းမှာ အောက်လမ်းမှော်ပညာ၊ အထက်လမ်းမှော်ပညာဟု နှစ်မျိုးခွဲထားသကဲ့သို့ပင် အနောက်တိုင်းသားတို့ကလည်း ယင်းတို့၏မှော်ပညာကို Black magicနှင့် White magic ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထားပါသည်။ ထိုခွဲခြာချက်ကို ယျေဘုယ သုံးသပ်ကြည့်လျှင်မူ Black magicတွင် စုန်းများပါဝင်ပြီး White Magicတွင် သူတော်စင်များ၊ တမန်တော်များပါဝင်ပါလိမ့်မည်။
အနောက်တိုင်းမှော်ပညာတွင် မှော်ဆိုသည့် စကားလုံးမှာ ဂရိအခေါ်megeia လက်တင်အခေါ် magiaမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုကြောင့် အနောက်တိုင်းသား တစ်ချို့ကလည်း ဂရိတို့၏ မှော်ပညာအပေါ် ထားရှိသည့်အမြင်အတိုင်း လိုက်လံစဉ်းစားကြသည်။ ဂရိနှင့် ရောမတို့၏ အစဉ်အလာတွင် မှော်အတတ်ပညာကိုတတ်သော နတ်ဝိဇ္ဇာကဲ့သို့သော ပညာရှင်များသည်ထိုလျိုဝှတ်နတ်နဲသော မှော်ပညာများကို ရှေးခေတ် pantheonsတို့၏ နတ်ဘုရားများမှတဆင့် ဆင်းသက်လာခြင်းဖြစ်သည်ဟု ယုံကြည်ထားကြသည်။ အေဒီ ၁ရာစု မှ ၄ရာစုအတွင်းရှိ အီဂျစ်တို့၏ ကျူစာများထဲတွင် နတ်ဝိဇ္ဇာပညာရှင်များသည် တိုင်းပြည်အုပ်ချုပ်သူကို နိူင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်များကို အောင်အောင်မြင်မြင်နှင့် ကျယ်ပြန့်စွာ လုပ်ကိုင်ဆောင်ရွက်နိူင်ဖို့အတွက် တိရိစ္ဆာန်များဖြင့် နတ်များကို ယဇ်ပူဇော်ကြသည်ဟု ဖော်ပြပါရှိလေရာ မှော်ပညာမှာ နတ်ဘုရားများမှ ဆင်းသက်လာခြင်းဖြစ်ကြောင်းကို ဖော်ပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိူင်ပါသည်။ သို့သော် အနောက်တိုင်းသား အများစုမှာ အစကတည်းက မှော် ကို စိတ်ကူးယဉ်ထားသောအရာတစ်ခုဟု မြင်ခဲ့ထားကြသူများဖြစ်လေရာ အေဒီ၉၀၀-အေဒီ၁၀၅၀အကြားတွင် ခရစ်ယာန်ဘာသာရေးဆရာများက စုပေါ်င်းပြီး မှော်ပညာအပေါ် ရှုပ်ချမူများ ပြုလုပ်ခဲ့ကြပြီး ထိုနောက်ပိုင်းကာလတွင်လည်း ဆမှာ်ပညာရှင်များကို မှားယွင်းသောအယူဝါဒရှိသူများအဖြစ် သဘောထားပြီး တိုက်ဖျတ်မူများကို ပြုလုပ်ခဲ့ကြသည်။ ထိုဘာသာရေးဆရာများသည် မှော်ပညာရှင်တို့မှာ အယူမှား၍ မာန်နတ်ကို ကိုးကွယ်ကာ ထိုမာန်နတ်၏ အလုပ်များတွင် ပါဝင်ပတ်သက်နေကြသည်ဟု ယုံကြည်ထားကြသည်။
၁၅ရာစုတွင်မူ မှော်ပညာဆိုင်ရာ အယူအဆတစ်ခုဖြစ်သော စာတန်နတ်နှင့်လူ့ဝိညာဉ်တို့၏ ပေါ်င်းစည်းမူမှတဆင့် မှော်စွမ်းအင်များ ရရှိလိမ့်မည်ဆိုသော မှော်ဆရာတို့၏ ယုံကြည်မူဟာ အခြားသောသူများကို ထိခိုက်နစ်နာမူများ ခံစားစေသည့်အပြင် ဘာသာရေးတန်ဖိုးကျဆင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးညှင်းပန်းခဲ့ကြသည်။ ထိုအပြင် မူဆလင်နှင့် ဂျူးလူမျိုးတစ်ချို့ကိုလည်း နတ်ဆိုးကိုးကွယ်သူများအဖြစ် သံသယဝင်ကြပြန်သည်။ ထိုနောက် ထိုလူမျိုးတို့ ဓလေ့အရပြုလုပ်သော ဘာသာရေးပွဲတစ်ခုတွင် ယင်းတို့သည် ကလေးငယ်များအား စတေးခြင်းပြုလုပ်နေပြီး ထိုဂျူးလူမျိုးတို့မှာ စတေးရန်အတွက် ခရစ်ယာန်ဘာသာဝင် ကလေးငယ်များအား ခိုးယူခဲ့ကြသည်ဟု ပြောဆိုခဲ့ကြသည်။ ထိုကြောင့် ဆိုခဲ့ပြီးအတိုင်း အနောက်တိုင်းမှ မှော်ပညာသည် ဖွံဖြိုးလာနိူင်ရန်အတွက် ဘာသာရေးနှင့် စစ်ပွဲနွဲခဲ့ရသည်မှာ အကြိမ်ကြိမ်အခါခါပါပင်။ သို့သော်လည်း မည်သို့သော်အကြောင်းကြောင့်မှန်းမသိ။ ထိုခေတ်ကာလရှိ မှော်ပညာလိုက်စားကြသူများအပေါ် ကျယ်ကျယ်ပြန့်ပြန့်ရှုပ်ချနေသည့်တိုင်အောင် မှော်ပညာနှင့် ဆက်စပ်သော စာအုပ်များသည်က ပလူပျံအောင် ထွက်ပေါ်လျှက် ရှိပြန်။။ ထိုအထဲတွင်
ဘာသာရေး၌ ယုံကြည်သက်သော စာရေးဆရာတော်တော်များများက မှော်ဟူသည်မှာ လိမ်လည်လှည့်ဖျားထားသော ပညာရပ်ဖြစ်ပြီး ဘာသာရေးနှင့် ရိုးရာဓလေ့ထုံးစံများ၏ ဆန်ကျင်ဘက်ဖြစ်သည်ဟု ဖော်ပြရေးသားခဲ့ကြသည်။ ထိုအပြင် မှော် ပညာမှာ ရိုးရာဓလေ့တွင်သာမက နတ်ဆိုးများ၏ လက်အောက်ခံအဖြစ် ပူးပေါ်င်းပါဝင်လျှက်ရှိသောကြောင့် ဘာသာရေးနှင့်လည်း ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ဆိုခဲ့ကြပြန်ပါသည်။ သို့သော် မည်သို့ဆိုစေကာမူ ဘာသာရေးသင်ကြားမူများစွာတိုင်းတွင် ခြားနားသောနည်းလမ်းများဖြင့် မှော်ဆန်သော အရာများရှိကြသည်ကို ပညာရှင်တို့ ရှာဖွေတွေ့ရှိခဲ့ကြပြီးဖြစ်သည်။
ချဉ်းကပ်မူတစ်ခုအနေဖြင့် ယင်းနှင့်ပတ်သတ်ပြီး မနုဿဗေဒပညာရှင် Edward Tylor နှင့် James G. Frazerတို့က ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးချက်အရ မှော်နှင့်ဘာသာတရား ဟူသည်မှာ ဆန့်ကျင်ဘက်ပင် ဖြစ်သည်ဟု အဖြေထုတ်ခဲ့ကြသည်။
Marcel Mauss နှင့် Emile Durkheim ဆွေးနွေးမူတွင်မူ လူများသည် ဘာသာရေးထဲသို့ မှော်ပညာကို သယ်ဆောင်လာကြခြင်းသာ ဖြစ်သည်ဟု အဖြေထုတ်ကြသည်။ မည်သို့ပင်ဖြစ်ဖြစ် လေ့လာခက်များအရ
သမိုင်းတောက်လျှောတ်တွင်မူ မှော်ပညာမှာ ဘသာရေးနှင့် မပက်သတ်ဘဲ သို့မဟုတ် ပက်သတ်ခဲ့ပါလျှင်လည်း မှော်ပညာသည် ဘာသာရေးတစ်ခုမဟုတ်၍ သူ့ဟာသူ တသီးတသန့်ရှိနေကြောင်းကို ရှေးခေတ်မှော်ပညာရှင်များ၏ လုပ်ဆောင်မူများ၊နှင့် ရည်ညွှန်းမူများက ဥပမာပြလျှက်ရှိနေသည်။ ခေတ်အဆက်ဆက် ပြောင်းလဲတိုက်ပွဲဝင်ခဲ့ကြပြီးနောက် ရလဒ်ထွက်ပေါ်လာသည်မှာ မှော်သည် စာပေဆိုင်ရာ ဘာသာတစ်ရပ်တစ်ခု ဖြစ်လာရသည့်အထိ အနောက်တိုင်းသားတို့၏ စိတ်ဝင်စားမူများကို မြင့်တတ်လာစေခဲ့ပါတယ်။
ယင်းတို့အတွက် စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်ရပ်ကမူ အလယ်ခေတ် ဥရောပမှော်ပညာရှင်များသည်
ဂျူးတို့၏ဓလေ့ထုံးတမ်းများနှင့်အာရပ်သိပ္ပံအရင်းအမြစ်များဖြစ်သော နက္ခတ်မှော်လက်စွဲမှာ အခြားဆန်းကြယ်သောအရာများပါ ပါဝင်ပတ်သက်နေခဲ့ပြီး ထိုပညာရပ်တို့မှာ ခရစ်ယာန်ဘာသာ၏
ပင်မဓလေ့ထုံးထမ်းစဉ်လာမှ ပြန်လည်ဆန်းသစ်ခဲ့သောအရာဖြစ်သည်။ ထိုအထဲမှ Necromancy ဆိုသော မှော်ပညာသည် လက်တင်ခရစ်ယာန်ဘာသာရေး ထုံးတမ်းစဉ်လာများကို အသုံးပြု၍ လူသေတို့၏ဝိညာဉ်ကို နာခံရန်လှုံ့ဆော်ခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ပယောဂထုတ်ခြင်း၊ မကောင်းဆိုးဝါးများအား ခိုင်းစေခြင်းကဲ့သို့ ဖြစ်သည်။
ထိုသိုနှင့် ၁၇ရာစုသို့ ရောက်လျှင် စကော့လူမျိုး ၊မနုဿဗေဒပညာရှင် ဆာဂျိမ်းဖရေ
ဇာ(Sir James Frazer)က သူ၏ဂန္တဝင်မြောက် ကျမ်းတစ်ဆူ ဖြစ်သော ရွှေသစ်ကိုင်း(The golden bough)တွင် မှော်ပညာအသုံးပြုပုံတွေကို ရှင်းလင်းပြသခဲ့သည်။
သူရှင်းပြထားသော မှော်ပညာအသုံးပြုမူပုံစံမှာ နှစ်မျိုးရှိပြီး ထိုနှစ်မျိုးမှာ ဆင်တူမှော်ပညာနှင့် ဓာတ်ကူးမှော်ပညာဟူ၍ဖြစ်သည်။ ဆင်တူမှော်ပညာတွင် သဏ္ဍန်လုပ်သရုပ်တူစေဆိုသကဲ့သို့ ဆင်တူပြုလုပ်ခြင်းဖြင့် တူညီသောအကျိုးကိုဖြစ်ပေါ်စေသည်။
ဥပမာပြရလျှင် voodooလုပ်ဆောင်ချက်များကဲ့သို့ ဓာတ်ပုံထဲမှ လူတစ်ဦးအား အပြင်တွင် နာကျင်ခံစားရအောင် ဓာတ်ပုံမှတဆင့် ပြု လုပ်ဆောင်ခြင်းမျိုးဖြစ်သည်။
ဓာတ်ကူးမှော်ပညာမှာမူ ထိတွေ့မူ ကြာရှည်ရှိနေသော အရာဝထ္ထူတစ်ခုသည် ထိတွေ့သူနှင့် ကွဲကွာသွားသောလည်း ထိုအရာဝထ္ထူသည် ထိတွေ့သူနှင့် တစ်ထပ်တည်းကျနေလျှက် ရှိနေဆဲပင်ဖြစ်သည်။ ဥပမာပြရလျှင် ကျွန်တော်တို့မြန်မာအယူအဆတစ်ခုတွင် ရေနစ်သေသော အလောင်းကိုရှာမတွေ့ပါက ထိုရေနစ်သေသူ အုံးခဲ့သော ခေါ်င်းအုံးကို ရေထဲသို့ ပစ်ချရသည်။ ထိုအခါ ခေါ်င်းအုံးမှာ
အလောင်းရှိသောနေရာတည့်တည့်တွင် တဝဲလည်လည် ဖြစ်နေတတ်သည်။ ထိုသို့ဖြစ်ရခြင်းသည် ခေါ်င်းအုံးမှာသေဆုံးသူနှင့် ထိတွေ့မူများသဖြင့် ကိုယ်ဟွးဖြစ်လာရ
ခြင်းဖြစ်သည်။ ထိုအတိုင်းပင် ခြေရာကောက်ပြုစားခြင်း ဆိုသည် မှာလည်း ကိုယ်ဟွးသဖွယ်ယူဆပြီး စီရင်ခြင်းဖြစ်ရာ ထိုစီရင်ခြင်းသည်လည်း ဓာတ်ကူးမှော်ပညာပင်ဖြစ်ပါသည်။
၁၉ရာစုနှစ်သို့ ကူးပြောင်းပြီးနောက်မှာတော့ မှော်အတတ်ပညာတစ်ခုအဖြစ် လူသိများလာသည့် esoteric အတွေးအခေါ်သစ်များ ပေါ်ပေါက်လာခဲ့သည်။ ဤရာစုအတွင်းထင်ရှားသောအဖွဲ့များတွင် Theosophical Society နှင့်ရွှေအရုဏ်၏ Hermetic Orderတို့ ပါဝင်သည်။ ခေတ်သစ်ရောက်လာချိန်တွင် မှော်အတတ်ပညာသည် ပိုမိုဖွံ့ဖြိုးပြီး Wicca ကဲ့သို့သောဘာသာရေးလှုပ်ရှားမှုများလည်း ပါဝင်လာခဲ့ပြီဖြစ်သည်။ esotericကိုအကြောင်းပြု၍ esotericismများလည်း ပေါ်ပေါ်က်လာသည်။ ထို esoteric နှင့် esotericism ဟူသော ဝေါဟာရအဓိပ္ပါယ်များသည် ယခုရေးလျှက်ရှိသော အနောက်တိုင်းမှော်ပညာသမိုင်းကဲ့သို့ အလွန့်အလွန်မှ ရှုပ်ထွေးစရာကောင်းသော ဝေါဟာရပင်ဖြစ်သည်။ သို့သော် လွယ်ကူသော အဓိပ္ပါယ်အချို့ကို ဖော်ပြရလျှင်မူ အချို့သော esotericist ကျောင်းများ၏အတွေးအမြင်များတွင် "esotericism" ကို နှစ်ပေါင်းများစွာ ဝှက်ထားသော အတွင်းပိုင်းဓလေ့ထုံးစံအဖြစ် သတ်မှတ်သည်။ ဘာသာရေးဆရာတစ်ယောက်ဖြစ်သော Versluis ကမူ "အနောက်တိုင်း esotericism" ကို "အနောက်ဥရောပသမိုင်းဝင်ရေစီးကြောင်းများမှတဆင့် အတွင်းပိုင်းထိ လျှို့ဝှက်ထားသောဝိညာဏအသိပညာ" ဟုအဓိပ္ပါယ်ဖွင့်ဆိုထားသည်။
ထိုသို့ဖြင့် မှော်စာအုပ်များ ၊ မှော်ပညာရှင်များ ပြန်လည် ပေါ်ထွန်းလာခြင်းကြောင့် ၂၀ရာစုသို့ ရောက်ရှိကြသောအခါ အနောက်တိုင်းသားတို့သည် မှော်ပညာရပ်များ ပြန်လည်ဆန်းသစ်စေလာဖို့အတွက် ရှေးဟောင်းမှော်ပညာတွေကို ပြည်လည်ရှာဖွေဖော်ထုတ်ပြီး လေ့လာခဲ့ကြသည်။ အထူးသဖြင့် ရှေးခေတ်ဂရိတို့၏ ပညာရပ်များကို ပိုမို၍ လေ့လာကြသည်။ .ဤတွင် ရှေးခေတ် ဂရိတို့သည် အေ့ရှတိုင်းလူမျိုးများ၏ယဉ်ကျေးမူကို အခြေံခံထားပြီး ဂရိယဉ်ကျေးမူကို တည်ဆောက်ကြရန် ဆန္ဒရှိခဲ့ကြသည်ကို တွေ့ရှိခဲ့ကြသည်။ ထိုသို့ ရှေးဂရိတို့ကို ရှာဖွေဖော်ထုတ်ရာမှ အစပြုပြီး ဂရိတို့၏ ရှေးကျသော ပန်းချီကားများနှင့် အခြားသော အသေးအဖွဲ့လေးများပစ္စည်းလေးများအထိ မှေိာပညာကို ရှာဖွေဖော်ထုတ်ရာမှ ရှေးကျသော ဂရိတို့၏ မှော်ပညာဆိုင်ရာ သီဝရီများကို ပြန်လည်တည်ဆောက်နိူင်ခဲ့ကြသည်။ တစ်ချိန်တုန်းက လူနေမူအသိုင်းထဲတွင် လက်မခံငြင်းပယ်ခဲ့သော ဂရိတို့၏ ကျိန်စာတိုက်ခြင်း အကြောင်းများလည်း ပြန်လည်အသစ်ဖြစ်လာရသည်။ တစ်ချိန်က ထိုကျိန်စာတိုက်ခြင်းအမူ၌ တစ်ဦးပိုင် ကျန်စာတိုက်ခြင်းသာရှိခဲ့ပြီး ယထုအခါမှာသော အများနှင့်သက်ဆိုင်သော ကျိန်စာတိုက်ခြင်းတို့ကိုပါ ဖော်ပြနိူင်ခဲ့ကြသည်။ ထိုသို့ များလှစွာသောသော မှော်ပညာများကို ပြန်လည်ဖော်ထုတ်မူထဲတွင် မှော်ဆန်သော သင်္ကတများအား အသုံးပြုပုံများလည်း ပါဝင်ခဲ့လေသည်။
Ref:
ဝီကီပီဒီယာနှင့်ဂူဂဲလ်
Aug10.2020
Minsetwai
ရောက်လာပေးလို့ ကျွန်တော်မင်းဆက်ဝေက အရမ်းဝမ်းသာပါတယ်ခင်ဗျ။ နောက်လည်း ကျွန်တော်ဆိုဒ်လေးကို လာအားပေးပါဦးနော်။
ᵖˡᵉᵃˢᵉ ʸᵒᵘ ʳᵉᵃᵈ
Joker
THE JOKER FEELING Home / Contect / About / Books / Gallery MY LIFE လူလောကမှာ တကယ်အောင်မြင်ချင်လျင် နေ့တိုင်းကို စာမေးပွဲဖြေသောနေ့ဟု မှတ်ယူ...
-
ရပ်စ်ပြူတင် (Rasputin 1869-1916) ရပ်စ်ပြူတင်သည် ၁၉ရာစုနှစ်က ရုရှားပြည်တွင် ပေါ်ပေါ်က်ခဲ့သော မှော်ဆရာ သို ့မဟုတ် ပျောက်စေဆရာတစ်ဦးပင် ဖြစ်သည်...
-
အနောက်တိုင်းမှမှော် အနောက်တိုင်းမှ မှော်ပညာနှင့် ပတ်သက်ပြီးပြောရလျှင် ယင်းတို့၏ မှော်ပညာသည် သာသာရေးအမြင်များနှင့် အတိုက်အခိုက်ဖြစ်ခဲ့ကြပြီး ...
-
နတ်ဝိဇ္ဇာအတတ်နှင့်နတ်ဝိဇ္ဇာ မှော် သို့မဟုတ် နတ်ဝိဇ္ဇာအတတ်ဟူသည်မှာ အဘယ်အရာပါနည်း။ မှော် သို့မဟုတ် နတ်ဝိဇ္ဇာအတတ်ဟူသည်မှာ သဘာဝလွန်စွမ်းအားများက...
