ရှာမင်လူမျိုးများ(Shamans)
ဆိုက်ဘေးရီးယားအေ့ရှပိုင်းရှိ တန်ဂပ်စ်(Tungus)လူမျိုးစုတို့သည် မှော်ဆရာများကို ရှာမင်ဟုခေါ်လေ့ ရှိကြသည်။ ထိုရှာမင်ဆိုသော ဝေါဟာရမှာ မူရင်း ဆိုက်ဘေးရီယားစကားပင်ဖြစ်သည်ဟု အချို့ကဆိုကြသလို အချို့ပညာရှင်များက Manchu-Tangusမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ခန့်မှန်းကြသည်။ အချို့နေရာသများမှာတော့ ရှာမင်မှာ ဌာနေတိုင်းရင်းသားတို့၏ ယဉ်ကျေးမူဓလေ့ဆိုင်ရာအရ ဝိညာဉ်ရေးရာများနှင့် သက်ဆိုင်သော အခမ်းအနားခေါင်းဆောင်အား ရည်ညွှန်းခြင်းဖြစ်သည်။ Shamanismဆိုသည်ကမူ ၎င်းတို့၏ ထုံးထမ်းစဉ်လာနှင့် အလေ့အကျင့်များကို ရည်ညွှန်းဖော်ပြသောအခါ၌ သုံးခြင်းဖြစ်သည်။
လူအချို့၏ ယုံကြည်ချက်တစ်ချို့ကမူ ရှာမင်ဟူသည်မှာ မှော်ပညာတစ်ခု၏နာမည်ကို အစွဲပြုကာ ပေါ်ပေါ်က်လာခြင်းဖြစ်ပြီး ထိုအတတ်ပညာကို တတ်သော လူမျိုးတို့ကို ရှာမင်ဟုခေါ်ကြခြင်းဖြစ်သည်ဟူ၏။ ထိုရှာမင်တို့၏ ယုံကြည်ချက်များမှာ ဝိညာဉ်ရေးရာနှင့်ဆိုင်သော အလေ့အကျင့် အားလုံးတို့သည် သဘာဝတရား၌ အမြစ်တွယ်လျှက် ရှိကြပြီး Shamanismအနေဖြင့် လူသားများမှ ထိုသဘာဝတရားကို ဆက်နွယ်နိူင်စေဖို့အတွက် သင်ကြားပြသပေးသည်။ သူတို့သည် မိခင်ကမ္ဘာမြေကြီးမှပေးသော သဘာဝစွမ်းအားများကို ရှာဖွေအသုံးချကြသည်။ သူတို့၏ ရိုးရာထုံးထမ်းစဉ်လာ သွန်သင်ချက်များမှာလည်း သဘာဝတရားသည်သာ ရိုးရှင်းသော အမှန်တရားဟု ဆိုသည်။
လွန်ခဲ့သော ဆယ်စုနှစ်ပေါ်င်းများစွာက ရှာမင်တို့၏ Shamanism ဝေါဟာရသည် အနောက်တိုင်း နိူင်ငံများတွင် အလွန်မှ ရေပမ်းစားခဲ့သည်။ ထိုရှာမင်များသည် ကမ္ဘာအနှံအပြားသို့ သွားလာနေထိုင်တတ်ကြသောကြောင့် နေရာအတော်များများတွင်လည်း Shamanismများက ရှိကြသည်။ အထူးသဖြင့် ယင်းတို့ကိုတိဗတ်နှင့်ဘူတန်နိူင်ငံများတွင် ပို၍တွေ့ရှိရသည်။ သူတို့၏ ပညာရပ်များသည် ဌာနေတိုင်းရင်းသားများတွင်သာမက အခြားသော ကျေးလတ်ဒေသများအပြင် မြို့ကြီးပြကြီးများနှင့် ဆင်ခြေထုံးရပ်ကွက်များထိတိုင် ပေါ်က်ရောက်ပျံနှံခဲ့သည်။
ရှာမင်တို့သည် လူတစ်ဦးချင်းစီ၏ ဘဝ၌ ဝိညာဉ်ရေးရာမှာ အဓိကအကျဆုံးဖြစ်ကြသည်။ ထိုကြောင့်လည်း ဝိညာဉ်ရေးရာ အလေ့အကျင့်များကို နေ့စဉ်ပြုလုပ်ဆောင်ရွက်ကြပြီး ခန္ဓာနှင့် ဝိညာဉ် ပူးပေါင်းမူစွမ်းအားကို တိုးဟွးအောင် လုပ်ကြသည်။ ထိုအလေ့အကျင့်၏ ရည်ရွယ်ချက်သည် ဝိညာဉ်ရေးရာနှင့် ပတ်သက်သော လုပ်ဆောင်မူ အားလုံးတိုင်း၌ ခန္ဓာကိုယ်တွင်းနှင့် ခန္ဓာပြင်ပ သဟဇာတဖြစ်လာကြဖို့ပင်ဖြစ်သည်။ ထိုအပြင် ထိုဆောင်ရွက်မူများသည် နတ်ဆိုးများကြောင့် ဖျားနာခြင်းနှင့်အခြားဝေဒနာများကိုပါ ကုသပေးနိူင်သည်။ ထိုကြောင့် အချို့က ရှာမင်များကို ဆေးဆရာများဟုလည်း ခေါ်ကြသည်။ မနုဿဗေဒဆိုင်ရာ ပညာရှင်များကမူ လောကီပညာများသည် လွန်ခဲ့သော နှစ်ပေါ်င်းများစွာထဲက ပေါ်ပေါက်ခဲ့ကြသည်မှာ မှန်သော်လည်း ရှာမင်တို့သည်က လူ၏ဦးနှောက်ဖြင့် လိုက်မမှီသော အတွေ့အကြုံများ ပိုမိုရှိကြသူများဖြစ်သည်ဟု ဆိုကြသည်။
ရှာမင်တို့သည် ဆေးကုရာတွင် လိပ်ပြာလွှင့်ပြီး လိပ်ပြာလောကမှ နတ်များ၊ ပရလောကသားများနှင့် တွေ့ဆုံလေ့ရှိပြီး ၎င်းတို့ထံမှ လူနာအတွက် အကျိုးအကြောင်းစုံစမ်းပြီး ပြန်လည်ဆေးကုကြခြင်းဖြစ်သည်။ ရှာမင်တို့၏ ယုံကြည်ချက်အရ လူတစ်ဦးချင်းစီ၏ဘဝတွင် ထိုဝိညာဉ်ရေးရာမှာ အဓိကကျသောနေရာမှ ပါဝင်သည်။
ဆေးကုသမူ၌ ဖျားနာခြင်းနှင့် အခြားသော ကိုယ်ခန္ဓာဆိုင်ရာ ရောဂါများကိုပဲ ကုသနိူင်ကြတာမျိုး မဟုတ်ပါ။ မကောင်းဆိုးဝါးများကို နှင်ထုတ်ခြင်းကဲ့သို့ ပယောဂဆိုင်ရာများကိုပါ ကုသပေးနိူင်သည်။ မိုးကိုလည်းရွာစေနိူင်သည့်အပြင် လူလောကနှင့် ဝိညာဉ်လောကသို့လည်း ဆက်သွယ်မူများကို ကူညီလုပ်ဆောင်ပေးနိူင်သည်။ ထိုကြောင့်ပင် ရှာမင်တို့မှာ လူသိများသော မှော်ဆရာများ ဖြစ်လာခဲ့ကြခြင်းဟု ဆိုနိူင်သည်။ သူတို့သည် လူနာကို ကောင်းမွန်စွာ ကုသနိူင်ဖို့အတွက် နတ်မိစ္ဆာများရှိရာ ပရလောကသို့ မရောက် ရောက်အောင်သွားတတ်ကြသည်။ ယင်းတို့အနေဖြင့် ပရလောကသို့သွားရာတွင် သာမန်သိစိတ်ဖြင့် ဝင်ရောက်၍မရနိူင်သောကြောင့် သူတို့ကိုယ်သူတို့ မေ့မြောသွားအောင်လုပ်ယူပြီး သွားကြသည်။ ထိုသို့ မေ့အောင်လုပ်ယူရာတွင် လူအများက ဗုံတီးပြီး ရှာမင်ဆေးဆရာကို ဝိုင်းပတ်ကာ ကကြရသည်။ ထိုနောက် ရှာမင်သည် ဗုံ၏စည်းချက်ထဲတွင် နစ်မြောသွားပြီး နှလုံးခုန်စည်းချက်မှာ ပြောင်းလဲသွားကာ လိပ်ပြာလွှင့်၍ ဝိညာဉ်လောကသို့ ခရီးဆက်ကြကုန်သည်။
နေရာဒေသအရ၊ထိထိရောက်ရောက်လေ့လာကြည့်သောအခါတွင်လည်း သမိုင်းမတင်မီက ရှာမင်မှော်ပညာသည် အထက်လမ်းပညာရပ်ကို များစွာအကူအညီပေးခဲ့သည်ကို တွေ့ခဲ့ကြသည်။ ထိုရှာမင်တို့၏ အလေ့အထများသည် နတ်ဘုရားတို့၏ဖခင်ဖြစ်သော Odinမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု မှတ်တမ်းတစ်ချို့က ဖော်ပြသည်။ အထူးသဖြင့် ဂျာမနီမှ တိုင်းရင်းသားလူမျိုးတို့၏ မှတ်တမ်းတွင် Odenသည် အရည်အချင်းပေါ်င်းများစွာဖြင့် ပြီးပြည့်စုံသော Shamanism ဆိုင်ရာ ပုဂ္ဂိုလ်ထူး တစ်ယောက်ဟု ဖော်ပြသည်။ ထိုမှ ဆင်းသက်လာသော Shamanismသည် အင်ဒီးယန်လူမျိုးများ၏ ဘာသာရေးအခမ်းအနားများနှင့် ယုံကြည်းကိုးကွယ်မူများထိတိုင် လွှမ်းမိုးနိူင်ခဲ့သော ဝါဒလည်း ဖြစ်သည်။ ထိုဒေသရှိ Shaman ဘာသာရေးခေါ်င်းဆောင်သည် အကြားအမြင်ဆိုင်ရာနှင့် နတ်ဝိဇ္ဇာအတတ်ပညာများကိုပါ ကျွမ်းကျင်ကြသည်။ ထိုကြောင့် Wodziwob နှင့် Wovoka အမည်ရှိသော ပရောဖက်ဆရာနှစ်ဦးသည် ရှာမင်တို့၏ ယဉ်ကျေးမူတစ်ခုဖြစ်သော Ghost Danceကို ပြန်လည်ကျင်းပနိူင်ဖို့ကို အထူးဟောကြားခဲ့ကြသူများ ဖြစ်သည်။ ထို Ghost Danceပွဲတွင် ထူးခြားသောအချက်တစ်ခုမှာ မိုးသောက်ကြယ်(The morning star)သင်္ကေတမှာ မပါမဖြစ်ဟု ဆိုသည်။
Shamanလေ့လာသူ တစ်ဦးဖြစ်သော Winkeman၏အဆိုအရ Shamanismဆိုင်ရာသည် လူ့အဖွဲ့အစည်းထဲမှ လူတစ်ဦးချင်းစီ၏ ယုံကြည်မူကို ဖွံဖြိုးစေပြီး အကျိုးကျေးဇူးများစွာကိုရရှိစေသည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော ရှာမင်တို့သည် များစွာသော ရောဂါတို့၏အဖြေကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် သဘာဝလွန်သောဝိညာဉ်လောကသို့ ဝင်ထွက်သွားလာပြကြသည်။ အမျိုးသမီးများကလေးမရသော အခါတွင်လည်း ဝိညာဉ်လောကမှ အမျိုးသမီးများအလိုရှိသော ကလေးဝိညာဉ်ကို ယူဆောင်ခဲ့၍ ကိုယ်ဝန်ရရှိစေပြန်သည်။ နတ်ဝိဇ္ဇာအနေဖြင့်လည်း အရိုးနိမိတ်ဖတ်ခြင်းများကို ပြုလုပ်ပေးကြသည်။
အထူးသဖြင့် ရှာမင်တို့၏ ပညာရပ်များဖြစ်သော ပြုစားခံရသောကြောင့် နာမကျန်းဖြစ်ခြင်း(သို့မဟုတ်) ဒဏ်ရာရခြင်း ၊ အနာဂတ်ကိုကြိုတင်ကြည့်ခြင်း (သို့မဟုတ်)အိမ်မက်များကိုအနတ်ဖတ်ခြင်း၊ အာရုံဖြင့်ပစ္စည်း ပျောက်ရှာဖွေခြင်း၊ ဝိညာဉ်များကို နှစ်သိမ့်ခြင်း၊ ရာသီဥတုကိုထိန်းချုပ်ခြင်း၊ ယတြာများနှင့် ကံကောင်းအောင်ပြုလုပ်ခြင်း(သို့မဟုတ်) ဆုတောင်းခြင်းတို့သည် ခေတ်သစ် အထက်လမ်းမှော်ပညာကို ဖွံဖြိုးစေခဲ့သော ပညာရပ်များကဲ့သို့ အသုံးဝင်နေခဲ့သည်။ ထိုကြောင့် ခေတ်သစ်ပညာရှင်များအနေဖြင့် ရှာမင်တို့၏ မှော်ပညာကို ပြန်လည်အသုံးပြုကြမည်ဆိုလျှင် ရှာမင်မှော်ပညာ၏ အခြေခံအနှစ်သာရပုံစံများသည် ခေတ်သစ်အထက်လမ်း မှော်ပညာကို ဖွဲ့စည်းဖို့အတွတ် ပိုမိုအသုံးဝင်နိူင်စရာရှိသည်ဟု ပညာရှင်အချို့ကလည်း သုံးသပ်ခဲ့ကြသည်။ သို့သော် မျှော်လင့်ချက် ထားခဲ့ကြပါသော်လည်း ခေတ်သစ်ရောက်လာချိန်တွင်မူ ရှာမင်တို့အပေါ် အမြင်မကြည်သူများသည် ယင်းတို့မှာ လူသတ်သောမှော်ဆရာများသာ ဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။ ထိုသို့စွပ်စွဲကြသည့် အဓိကအကြောင်းရင်းမှာ ရှာမင်တို့သည် လူများရောဂါရရှိခြင်းသည် နတ်မိစ္ဆာများပြုစားခြင်းသာဖြစ်သည် ဟူသော အယူစွဲမူကြောင့်လည်း ဖြစ်နိူင်ပါသည်။ မည်သို့ပင်ဖြစ်ဖြစ် ရှာမင်တို့သည် ထူးဆန်း၍ မှော်ဆန်သောသူများဖြစ်သည်ဆိုတာကမူ လူ့အဖွဲ့အစည်းထဲမှာ ငြင်းဆန်၍မရခဲ့သည်က ကျိန်းသေလှပါသည်။
ကိုးကား
shamanism.com
norse-mythology.org
Sep28.2020
Minsetwai
No comments:
Post a Comment